ယောက်ျားလေးတိုင်း မပေါ့ဆသင့်တဲ့ လိင်ကျန်းမာရေး လက္ခဏာတွေ
ယောက်ျားလေးဆိုတာနဲ့ပဲ ကျန်းမာရေး ဒေါင်ဒေါင်မြည်ပြီး အမြဲတမ်း စိတ်သွားတိုင်း ကိုယ်ပါနေမှာတော့ မဟုတ်ပါဘူး။ စိတ်နဲ့ခန္ဓာဆိုတာ လူ့သဘာဝအရ ပျက်စီးဆုတ်ယုတ်တတ်တာကြောင့် ဘဝရဲ့ အချိုးအကွေ့မှာ ပြဿနာတစ်မျိုးမျိုး ကြုံလာရနိုင်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ အသိနောက်မကျစေဖို့ ကြိုပြီး စစ်ဆေးလေ့လာထားသင့်တဲ့ လက္ခဏာတချို့ကို ပြောပြပေးချင်ပါတယ်ခင်ဗျာ။
၁။ မကြာခဏ လိင်တံထောင်မတ်မှု ကျဆင်းခြင်း
ယောက်ျားလေးတွေရဲ့ ဘဝမှာ အနည်းဆုံးတစ်ခါလောက်တော့ ဆက်ဆံကာနီးမှ လိင်တံထောင်မတ်အား ကျဆင်းပြီး ကောင်းကောင်းမစွမ်းဆောင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် အသက် (၄၀) ကျော် အမျိုးသားတွေမှာ ကျားဟော်မုန်းနည်းခြင်းကြောင့် လိင်တံမထောင်မတ်နိုင်ခြင်း ဒါမှမဟုတ် ပန်းသေပန်းညှိုးပြဿနာတွေ ဖြစ်တတ်တယ်ဆိုပေမယ့် အရွယ်မတိုင်ခင်မှာလည်း စိတ်ကျန်းမာရေး၊ ခန္ဓာကိုယ်ကျန်းမာရေး၊ သွေးကြောနဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေ၊ လိင်အင်္ဂါအတွင်းက ထိခိုက်အားနည်းတာတွေကြောင့် ထောင်မတ်မှု ကျဆင်းနိုင်ပါတယ်။
၂။ သုက်လွှတ်မြန်ခြင်း ဒါမှမဟုတ် သုက်လွှတ်ကြာခြင်း
သုက်လွှတ်မြန်တာ အရပ်ခေါ်အရဆိုရင် တပ်ထွက်တာကတော့ ယောက်ျားလေးအများစုမှာ ပိုအဖြစ်များပါတယ်။ ပုံမှန်အားဖြင့် လိင်ဆက်ဆံတဲ့အခါ ထိုးသွင်းဆက်ဆံချိန်ကနေ ဆန္ဒအထွဋ်အထိပ်ရောက်ချိန်ကြားမှာ နာရီဝက်လောက် ခြားနေသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ မြန်လွန်း၊ ကြာလွန်းနေတယ်ဆိုရင်တော့ ကိုယ့်မှာ ပြဿနာတစ်ခုခုရှိလားဆိုတာကို စစ်ဆေးထားသင့်ပါတယ်။
၃။ အလုံးအကျိတ်ရှိခြင်း
အမျိုးသားတွေရဲ့ လိင်တံအောက် ကပ္ပါယ်အိတ်အတွင်းမှာ ဝှေးစေ့နှစ်လုံးက ပုံမှန်ရှိနေရမှာဖြစ်ပြီး ဘယ်ဘက်ဝှေးစေ့ကတော့ ယေဘုယျအားဖြင့် အောက်ကိုပိုတွဲကျနေတတ်ပါတယ်။ ရေချိုးနေတဲ့အချိန်မှာ အအေးဓာတ်နဲ့ အစိုဓာတ်ကြောင့် ကပ္ပါယ်အိတ်အရေပြား တင်းသွားတဲ့အတွက် လက်နဲ့ ဖိစမ်းကြည့်တဲ့အခါ အလုံးအကျိတ်တွေကို အလွယ်တကူ စမ်းသပ်မိနိုင်ပါတယ်။ ဝှေးစေ့မဟုတ်ဘဲ တခြားအလုံးအကျိတ်တွေကို စမ်းကြည့်မိပြီဆိုရင် ဆီးကျိတ်ကင်ဆာ၊ ဝှေးစေ့ကင်ဆာ၊ လိင်တံကင်ဆာတွေ ဖြစ်နိုင်တာကြောင့် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး ကျန်းမာရေးစစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။
၄။ လိင်တံအရေပြား နောက်လှန်ဆွဲမရခြင်း
လိင်တံထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေမှာ ရေချိုးတဲ့အချိန် သေချာသန့်ရှင်းရေးမလုပ်ထားဘူးဆိုရင် လိင်တံထိပ်ပတ်လည်မှာ အရိအချွဲတွေ၊ အဖတ်တွေ ကပ်ငြိပြီး အနံ့အသက်ဆိုးရွားနိုင်ပါတယ်။ ဒီအရိအချွဲတွေက ကြာလာတာနဲ့အမျှ အရေပြားတွေကို အပြန်အလှန်ကပ်သွားစေပြီး ဘက်တီးရီးယားပိုးတွေ ပွားစေကာ အနံ့ဆိုးထွက်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာ၊ လိင်တံထိပ်အရေပြား နောက်လှန်ဆွဲမရတာ၊ လိင်တံပတ်လည်မှာ ယားယံတာ၊ နီရဲရောင်ရမ်းတာတွေပါ ဖြစ်လာနိုင်ပါတယ်။
၅။ ပုံမှန်မဟုတ်တဲ့ အရေပြားအနာများ
အကယ်လို့ ကိုယ်က လိင်အပျော်အပါး လိုက်စားတတ်သူတစ်ဦးဆိုရင်တော့ ကြွက်နို့ဗိုင်းရပ်စ် (HPV) ၊ ရေယုန်ဗိုင်းရပ်စ် (HSV) တွေ ကူးစက်ခံရနိုင်ခြေ အရမ်းများပါတယ်။ ဒီလို ကူးစက်ခံရတဲ့အခါ ကြွက်နို့အနာအဖုတွေ၊ ရေယုန်အနာတွေက လိင်တံ၊ ကပ္ပါယ်အိတ်၊ ပေါင်ခြံ၊ စအိုနဲ့ ပါးစပ်တွေမှာပါ အများအပြား ပေါက်နိုင်ပါတယ်။ ဒီအနာတွေဟာ ကိုယ့်အတွက်လည်း တခြား STD ရောဂါတွေ ကူးစက်နိုင်ခြေ ပိုမြင့်တက်စေသလို ဆက်ဆံဖော်ကိုလည်း ပိုးကူးသွားနိုင်ခြေ အရမ်းများတဲ့အတွက် ဂရုစိုက်သင့်ပါတယ်။
အမျိုးသားတွေအနေနဲ့ အရွယ်ရောက်ပြီးချိန်ကနေ အသက်အရွယ်မရွေး ကိုယ့်ရဲ့ လိင်အင်္ဂါမှာ ချို့ယွင်းမှု၊ ထူးဆန်းနေတာ၊ အလုံးအကျိတ်ဖြစ်နေတာ၊ ပြဿနာတစ်ခုခု ဖြစ်နေလားဆိုတာကို ပုံမှန် စစ်ဆေးကြည့်သင့်ပါတယ်။ အထူးသဖြင့် -
- လိင်တံထိပ်အရေပြား မဖြတ်ထားသူတွေ
- ကိုယ်ခံအားနည်းသူတွေ
- လိင်အပျော်အပါး လိုက်စားသူတွေ
- လိင်ဆက်ဆံတိုင်း ကွန်ဒုံးအသုံးမပြုသူတွေ
- တစ်ကိုယ်ရေသန့်ရှင်းမှု မရှိသူတွေ
- ကျန်းမာရေး မကောင်းသူတွေ
- ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး စွဲသုံးသူတွေဆိုရင် ဖြစ်နိုင်ခြေပိုများတဲ့အတွက် သတိထားသင့်ပါတယ်။
အကယ်လို့ ကိုယ့်မှာ ပုံမှန်မဟုတ်တဲ့ ပြဿနာတွေရှိနေတယ်လို့ သံသယရှိတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်တာ အကောင်းဆုံးဖြစ်မှာပါ။
ရဲမျိုးမြတ်